မောင်တော-ကြိမ်ချောင်း ကားလမ်းလုံခြုံရေးတိုးမြှင့်ပေးစေလို


အာရကန်ကိုကို (မြစ်မခ)
by Myit Makha Mediagroup on 25 Jan, 2013



ရခိုင်ပြည်နယ် မောင်တော-ကြိမ်ချောင်းကားလမ်းတစ်လျှောက်တွင် လုံခြုံရေးလုံလောက်စွာမရှိသည့်အတွက် ဒေသခံများအနေဖြင့် သွားရေးလာရေး အခက်အခဲကြုံ၍ စီးပွားကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
 
ရခိုင်ဒေသခံများ သွားရေးလာရေး အခက်အခဲဖြစ်နေရခြင်းမှာ ခရီးသွားကုန်သည်များအနေဖြင့် ဘင်္ဂလီကျေးရွာအနီးမှ ဖြတ်သန်း၍ ကုန်ပစ္စည်းတင်ယူကာ ခရီးသွားရခြင်းကြောင့် လုံခြုံရေးမှာလည်း လုံလောက်စွာမရှိသည့် ခရီးသွားဒေသခံများမှာ စိုးရိမ်မှု များဖြစ်ပေါ်နေရခြင်းဖြစ်သည်။
 
လမ်းခရီးတစ်လျှောက် လောင်းဒုံ၊ အောင်မင်္ဂလာ၊ ကျီးကန်းပြင် သုံးနေရာလောက်ပဲ လုံခြုံရေးရှိတာပါ။ အဲဒီလုံခြုံရေးတွေလည်း လမ်းခရီးသဘော သဘာဝအရ  နိုင်ငံသားစီစစ်ရေးကဒ်တို့ ၊ ကျေးရွာထွက်ခရီးးသွားလာမှု လက်မှတ်လောက်ပဲ တာဝန်အရ စစ်ဆေးကြတာ၊ ကျန်တဲ့နေရာ တွေမှာ  လုံခြုံရေးတွေမရှိတော့ ဘယ်နည်းနဲ့သွားလာရဲကြမှာလဲ။ ဟု ကြိမ်ချောင်း ကျေးရွာနေ ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 
ဒေသခံရွာသူ၊ရွာသားများ သွားလာမှုအပိုင်းတွင် အခက်အခဲနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီး စီးပွားရေး ကဏ္ဍ၌လည်း ကြပ်တည်းမှုရှိ လာသည်ဟု ၄င်းက ဆက်ပြောဆိုသည်။
 
လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိတော့ ဒေသတွင်းခရီးသွားကုန်သည်တွေလည်း  တော်တော်များများ  စီးပွားရေးထိခိုက်မှုတွေ ရှိလာတယ်။ ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 
ဘင်္ဂလီကျေးရွာသို့ ဖြတ်သွားရသော မောင်တော-ကြိမ်ချောင်းတစ်လျှောက်သို့ ရခိုင်တိုင်းရင်းသား ဒေသခံများအနေဖြင့် မသွားရဲကြသော်လည်း အစိုးရပိုင်းဆိုင်ရာဝန်ထမ်းများသာ သွားလာလျက် ရှိသည်ဟု မောင်တောမြောက်ပိုင်းဒေသမှ   ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
 
ဒေသခံတွေ လမ်းခရီး လုံခြုံရေးကို စိတ်မချလို့ဆိုပြီး အရင်လို့ခရီးသွားလာမှု သိပ်မရှိပါဘူး။ သွားလာနေကြသူတွေထဲမှာလည်း အစိုးရဌာနဆိုင်ရာ ၀န်ထမ်းတွေ လောက်ပဲ တွေ့ရပါတယ်။ ဒေသခံတွေက အရဲစွန့်ပြီး သွားတယ်ဆိုရင်လည်း ကားတစ်စီးမှာ (၆)ယောက်၊ (၇)ယောက် အဖေါ်ပါမှ သွားကြတယ် ဟု မောင်တောမြောက်ပိုင်းဒေသမှ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
 
မောင်တော-ကြိမ်ချောင်းလမ်းပိုင်းအတွက် လုံခြုံထပ်မံတိုးချဲ့ပေးရန်လိုအပ်လျှက်ရှိနေပြီး ကြိမ်ချောင်း-တောင်ပြိုနယ်စပ် ကားလမ်း၌လည်း လုံခြုံရေးတိုးမြှင့်ပေးရန် လိုအပ်ဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
 

SHARE THIS