Friday, February 15, 2013
မက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
သူမသည် မျိုးရိုးဗီဇ အရ သူမ၏ မျက်နှာပြင်၌ အမွေး အမှင်များ
ပေါများသောကြောင့် သူမ၏ ခင်ပွန်း ဖြစ်သူ နော်ဝေ နိုင်ငံသား သီအိုဒို ရီလန့်က သူမကို bear woman ဟု ခေါ်ဝေါ်ခဲ့သည်။
သူမသည် အသက် ၂၆ နှစ် အရွယ်တွင် သူမကဲ့သို့ အမွေးအမှင်
ပေါများသော သားတစ်ဦးကို မွေးဖွားခဲ့ပြီး ခြောက်နှစ် အကြာတွင်
သေဆုံးခဲ့သည်။ ထို့အတူ သူမ၏ သားဖြစ်သူ မှာလည်း သေဆုံး ခဲ့သည်ဟု သိရသည်။
သူမ သေဆုံးပြီး နောက် သူမ၏ ရုပ်အလောင်းကို ခင်ပွန်း ဖြစ်သူက မပုပ် မသိုးအောင် ဆေးရည် စိမ်ခဲ့ပြီး ဥရောပ တစ်ဝန်းသို့ ဆယ်စုနှစ်ကြာ လှည့်လည် ပြသခဲ့သည်။ ထို့နောက် သူမ၏ ရုပ်အလောင်းကို နော်ဝေ နိုင်ငံရှိ ကုန်လှောင်ရုံ တစ်ခုထဲတွင် သိမ်းဆည်း ထားရာ ၁၉၇၆ ခုနှစ်တွင် ၎င်း ကုန်လှောင်ရုံ ထဲမှ ခိုးယူ ခံခဲ့ရကြောင်း နောင် နှစ်ပေါင်း များစွာ အကြာတွင် အပျက် အစီးများ ထားရှိရာ ဂိုဒေါင် တစ်ခု ထဲတွင် ပြန်လည် တွေ့ရှိ ခဲ့သည် ဟုသိရသည်။
ထို့နောက် သူမ၏ ရုပ် အလောင်းကို အော့စလို တက္ကသိုလ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထို တက္ကသိုလ်တွင် သူမ၏ ရုပ် အလောင်းကို ဆယ်စုနှစ်ပေါင်း များစွာ သိမ်ဆည်း ထားပြီးနောက် မက္ကဆီကို နိုင်ငံမှ အခွင့်အရေး လှုပ်ရှားသူ တစ်ဦး၏ တောင်းဆိုချက် အရ သူမ၏ မူလ နိုင်ငံသို့ ပြန်လည် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ မက္ကဆီကို နိုင်ငံတွင် သူမ၏ ရုပ် အလောင်းကို ဖေဖော်ဝါရီ ၁၃ ရက်က မြှုပ်နှံ ခဲ့သည်ဟု သိရသည်။
မြ၀တီ