ဧည့်မထ ဆန်တန်ချိန် ၅၀၀၀ ဂျပန်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလဆန်းအတွင်း စတင် တင်ပို့မည်၊ ကိုရီးယားနိုင်ငံသို့လည်း လုံးတီးဆန် တင်ပို့သွားရန်စီစဉ်နေ

Tuesday, February 19, 2013

မြန်မာနိုင်ငံမှ ဧည့်မထဆန် တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံသို့ ၂၀၁၃ ...ခုနှစ် မေလဆန်းအတွင်း စတင် တင်ပို့တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း(Myanmar Agribusiness Public Corporation Limited-MAPCO) မှ ဒေါက်တာ စိုးထွန်းက ပြောသည်။

''ဂျပန်ကမှာယူတဲ့ ဧည့်မထဆန်ကို လာမယ့် မေလဆန်းမှာ စပို့မယ်။ တန်ချိန် ၅၀၀၀ ပါ။ နောက်ပြီး ကိုရီးယားကို လုံးတီးဆန် တင်ဖို့ကိုလည်း
လောလောဆယ် တင်ဒါမအောင်သေးလို့ တိတိကျ ကျ မသိရသေးဘူး။ ညှိနှိုင်း ဆောင်ရွက်နေဆဲပါပဲ'' ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။

မြန်မာ့ဆန်ကို ဥရောပနိုင်ငံများ၊ စင်ကာပူနိုင်ငံနှင့် သြစတြေးလျ နိုင်ငံများသို့ တင်ပို့လျက်ရှိရာ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံများမှ ၂၀၁၃ ခုနှစ်အတွင်း ထပ်မံကမ်းလှမ်းခဲ့ရာ ယခု ဂျပန်နိုင်ငံသို့ တင်ပို့တော့မည်
ဖြစ်သည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဆန်တန်ချိန် ငါးသိန်းရောင်းချရေးနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ သိရသည်။

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းအနေဖြင့်
၂၀၁၂ ခုနှစ်၊ဒီဇင်ဘာလအတွင်းက ဧည့်မထဆန် တန်ချိန် ၂၂၀၀၀ ကို အာဖရိကတိုက်၊ အနောက်အာဖရိကရှိ အိုင်ဗရီကို့စ်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ၀ါးတန်း ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူ
တစ်ဦးကလည်း ''ဧည့်မထဆန်ဈေး ဆက်တိုက်မြင့်နေပါတယ်။ တရုတ်နှစ်ကူးတုန်းက တရုတ်ဘက်က အ၀ယ်နည်းသွားခဲ့ပေမယ့် ထိုင်းကိုရော အိန္ဒိယကိုပါ နယ်စပ်ကသွားတယ်။ အခုရက်ပိုင်း တရုတ်ဘက်လည်း အ၀ယ်ပြန်လိုက်လာပါတယ်။ ဇန်န၀ါရီလဆန်းပိုင်းက ဧည့်မထ (ထိပ်စ) တစ်အိတ်ကို ကျပ် ၁၆၅၀၀ ရှိရာကနေ ဖေဖော်ဝါရီ ဒုတိယပတ်မှာ ကျပ် ၁၇၀၀၀ ဖြစ်လာတယ်''ဟု ပြောသည်။



EMG

SHARE THIS