ယာဉ်မောင်းစဉ် အိပ်ငိုက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွား လေးဦးသေ နှစ်ဦး ဒဏ်ရာရ

မန္တလေး-ရန်ကုန် အမြန် လမ်းမကြီး တောင်ငူခရိုင် ကျွဲပွဲနှင့် ညောင်ခြေထောက် အကြား ယမန်နေ့ နံနက် ၁ဝ နာရီက ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားရာ လေးဦးသေပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့သည်။

ဖြစ်ပွားပုံမှာ မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ လူကြီး လေးဦးနှင့် ကလေးနှစ်ဦး တို့အား တင်ဆောင်လျက် ယာဉ်မောင်း အောင်ကျော်မိုး (ခ)ကိုကြွက် ၃၅ နှစ် (ဘ)ဦးတင်ရ မြင်းခြံမြို့ မောင်းနှင်လာသည့် ကိုယ်ပိုင် ယာဉ် ၅ဃ/.... ကရီနာ ဗင်ကားသည် အမြန် လမ်းမကြီး မိုင်တိုင် အမှတ် (၁၂၅/၄) အရောက်တွင် ယာဉ်မောင်းနှင်သူ အိပ်ငိုက် ရာမှ လမ်းလယ်ရှိ အုတ်ကျွန်း တိုင်များနှင့် တံတားကိုပါ တိုက်မိပြီး ကားရှေ့ပိုင်း ပျက်စီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အောင်ကျော်မိုး (ခ)ကိုကြွက်၊ ကိုကျော်စွာမြင့် ၃၈ နှစ် (ဘ)ဦးခင်မောင်မြင့်၊ ၄င်း၏ သားငယ် ဖုန်းပြည့်လင်း တစ်နှစ် သုံးလ၊ မတင်တင်ဝင်း ၂၄ နှစ် မြင်းခြံ မြို့နေ လေးဦးတို့ သေဆုံး သွားကြပြီး မမီးမီး (ခ)မျိုးသက်ဝေ ၃၂ နှစ် (ဘ) ဦးဘစံနှင့် ၄င်း၏ သားကြီး ဖုန်းမြတ်မင်း သုံးနှစ်(ဘ) ဦးကျော်စွာမြင့် မြင်းခြံမြို့ တို့ကို တောင်ငူပြည်သူ့ ဆေးရုံကြီး၌ အတွင်း လူနာများ အဖြစ် တင်ပို့ ကုသ ထားရသည်။

ယာဉ်တိုက်မှု ဖြစ်လျှင်ဖြစ်ချင်း သတင်းအရ အမြန် လမ်းမကြီး (၁၁၅) မိုင်ရှိ အာရောဂျံ ကုသိုလ်ဖြစ် အရေးပေါ် လူနာ တင်ယာဉ်နှင့် (၁၁၅) မိုင် ဖြူးစခန်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီ ရှေးဦးသူနာပြု အရေးပေါ် ယာဉ်များဖြင့် ဒဏ်ရာရရှိ သူများကို တောင်ငူပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုကို အမြန်လမ်းမကြီး (၁၁၅)မိုင်ရှိ ဗောဓိကုန်း ရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မြ၀တီ

တောင်ငူ   မတ်  ၁

http://bit.ly/Wzq0nC

SHARE THIS