Monday, March 11, 2013
ဆီးဂိမ်းအတွက် လေ့ကျင့်မှုများ ပြုလုပ်ရန် အတွက် ပြင်ဆင်နေသည့်
မြန်မာ ယူ-၂၃ လက်ရွေးစင် အသင်း နည်းပြအဖွဲ့အား ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ခြင်း မပြုဘဲ ပုံမှန် လေ့ကျင့်ရုံမျှဖြင့် အောင်မြင်မှု ရမည်မဟုတ်ဘဲ ရှုံးနိမ့်မှုများနှင့်သာ ကြုံရနိုင်ကြောင်း မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သတိပေးခဲ့သည်။
မတ်လ ၁၁ရက်နေ့က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည့် လက်ရွေးစင် နည်းပြများနှင့် ကလပ်အသင်း ပိုင်ရှင်များ၊ နည်းပြများ တွေ့ဆုံ ဆွေးနွေးပွဲတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ယခုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အခု လာမယ့် ဆီးဂိမ်းမှာ ကျွန်တော်တို့က အိမ်ရှင် ဖြစ်တယ် ဆိုပြီး ပေါ့ပေါ့တန်တန် လုပ်လို့တော့ လုံးဝ မဖြစ်ပါဘူး။ ပေါ့ပေါ့လုပ်ရင်
သေချာပေါက် ရှုံးနိမ့်ရပါလိမ့်မယ်။ ဆီးဂိမ်းမှာ အောင်နိုင်ချင်တယ် ဆိုရင် ကျားကုတ်ကျားခဲ လေ့ကျင့်မှပဲ ရပါလိမ့်မယ်" ဟု ဦးဇော်ဇော်က ထည့်သွင်း ပြောကြားခဲ့သည်။
ဆီးဂိမ်းအတွက် ပြင်ဆင်မှု တစ်ရပ် အနေဖြင့် ပတ်ဆောင်ဟွာ ဦးဆောင်သည့် နည်းပြအဖွဲ့သည် မတ်လ ၁၁ရက်နေ့ ညနေပိုင်းမှ စတင်ကာ ခြေစွမ်းခြေစရှိ ယူ-၂၃ ကစားသမား ၂၆ဦးအား စခန်းသွင်း စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ကစားသမား များထဲမှ ၇ဦး ၈ဦးခန့်အား ရွေးချယ်ကာ AFC Challenge Cup ခြေစစ်ပွဲအောင် မြန်မာ့ လက်ရွေးစင် အသင်းမှ ယူ-၂၃ ကစားသမား ၁၇ဦးနှင့် ပေါင်းစပ်ကာ ပဏာမ ယူ-၂၃ လက်ရွေးစင် အသင်းအား ဖွဲ့စည်းသွားမည် ဖြစ်သည်။
ထို့အတူ ပဏာမ ယူ-၂၃ အသင်းတွင် ပါဝင်ခြင်း မရှိသော်လည်း
ခြေစွမ်းခြေစ ရှိသော MNL နှင့် MNL-2 မှ လူငယ် ကစားသမား များအား ဆီးဂိမ်း (ခ)အသင်းအဖြစ် စုစည်းရွေးချယ်ကာ မကွေး နည်းပြချုပ် ဦးကြည်လွင် ဦးဆောင်မည့် နည်းပြအဖွဲ့က တာဝန်ယူ လေ့ကျင့် သွားမည် ဖြစ်သည်။
ထိုအသင်းသည် ဆီးဂိမ်း ပဏာမ လက်ရွေးစင် အသင်းအတွက် အရန်သင့် အစားထိုးနိုင်ရန် ပြင်ဆင်ဖွဲ့စည်းသည့် အသင်းဖြစ်ပြီး ပါဝင်လာမည့် ကစားသမား များ၏ အသက် မှန်ကန်ရေးအတွက် အလေးထား
ဆောင်ရွက်ရန်လည်း ဦးဇော်ဇော်က တိုက်တွန်းခဲ့သည်။
"ဒီအသင်းက ကစားသမားတွေကို တကယ့် အသက်မှန်တဲ့ မျက်နှာသစ် ကစားသမား တွေနဲ့ပဲ စုဖွဲ့ဖို့ ရည်ရွယ် ထားပါတယ်။ ဒါကြောင့် ကစားသမား တွေရဲ့ မွေးသက္ကရာဇ် အမှန်ကို သိရဖို့ ကလပ်အသင်း တာာဝန်ရှိသူတွေ၊ နည်းပြတွေက ကစားသမား တွေရဲ့ မိသားစုတွေနဲ့ပါ ဆက်သွယ်ပြီး သေချာ စိစစ် ပေးစေလိုပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအသင်းက ဆီးဂိမ်း အတွက်တင် မဟုတ်ဘဲ အာရှဖလား ကန်ရမယ့်
ယူ-၂၂ အသင်း၊ အိုလံပစ် ခြေစစ်ပွဲ ၀င်မယ့် အသင်းတွေ အတွက်ပါ
ရည်မှန်း ထားတာကြောင့်ပါ" ဟု ပြောကြားခဲ့သည်။
Myanmar Football Federation