ကြေးနီတောင် စီမံကိန်း အရေး ပြင်းထန်

သံဃာတော်များ၊ ပြည်သူလူထုများ ပါဝင်သော သပိတ် စခန်း ခြောက်ခုဖြင့် ကြေးနီတောင် စီမံကိန်း ရပ်တန့်ရေး ကန့်ကွက် ဆန္ဒပြနေကြရာ ယနေ့နံနက် ၃နာရီခန့်က သပိတ်စခန်းသုံးခုကို မီးကျည်များဖြင့် ပစ်ခတ် လူစုခွဲခဲ့သဖြင့် သံဃာတော်များ အပါအ၀င် လူ စုစုပေါင်း ၅၀ခန့် မီးလောင်ဒဏ်ရာရရှိထားကြောင်း ပြည်တွင်း သတင်းမီဒီယာများ၏ အင်တာနက်စာမျက်များတွင် ဖော်ပြသည်။ ကျန်သပိတ် သုံးခုကိုလည်း အင်အားသုံး ဖြိုခွဲခဲ့သည်။ မန္တလေးက ဦးသုတအပါအ၀င်သံဃာ ခြောက်ပါး အဖမ်းခံထားရပြီး သံဃာ ၁၀ပါး သည် မီလောင်းဒဏ်ရာများကြောင့် စိုးရိမ်ရကြောင်း The Voice Weekly Facebook တွင်ဖော်ပြသည်။ သပိတ်စခန်းကို အင်အားသုံး ဖြိုခွင်းမည်ဟု ကြေညာပြီး ယနေ့ နံနက် ၃နာရီခန့်တွင် မီးသတ်ကားနှစ်စီးမှ မီးသတ်ပိုက်များဖြင့် ဦးစွာ ဖြိုခွင်းပြီး လူစုမကွဲသဖြင့် မီးကျည်များကို အသုံးပြုဖြိုခွင်းခဲ့ကြောင်း ၀မ်ပေါင် ကုမ္ပဏီရှေ့မှ ပင်မသပိတ်စခန်းမှ ကိုယ်တွေ့ကြုံခဲ့သူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ Eleven Media Group Facebook တွင်ဖော်ပြသည်။ “ဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ “ ၄င်းက ထပ်မံ ပြောကြားသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများကို မုံရွာဆေးရုံတွင် ဆေးကုမှု ခံယူနေကြပြီး အဆိုပါ ဒဏ်ရာရသူများထဲမှ ဒဏ်ရာအခြေအနေ ပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း မုံရွာသို့ သွားရောက်နေပြီဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဦးစွာတွေ့ဆုံမည်ဖြစ်ကြောင်း 7Day News Journal Facebook တွင်ဖော်ပြသည်။

SHARE THIS
Previous Post
Next Post