စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နှင့် အိန္ဒိယနိုင်ငံ နော့ကလင်မြို့ကို ဆက်သွယ်သောလမ်းအား နာဂတိုင်းရင်းသား ကုမ္ပဏီနှစ်ခု ပူးပေါင်းဖောက်လုပ်မည်

Sunday, 20 January 2013 19:15

စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နှင့် အိန္ဒိယနိုင်ငံ နော့ကလင်မြို့ကို ဆက်သွယ်သောလမ်းအား နာဂတိုင်းရင်းသား ကုမ္ပဏီနှစ်ခု ပူးပေါင်းဖောက်လုပ်မည်ဖြစ်ကြောင်း လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆားမူ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလမ်းမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ဖောက်လုပ်ခဲ့ပြီးဖြစ်ပြီး စက်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နှင့် ဆက်စပ်ရန်သာ ကျန်ရှိတော့ကြောင်း၊ အိန္ဒိယနိုင်ငံဘက်အခြမ်းတွင် ကတ္တရာလမ်းဖြစ်ပြီး လဟယ်မြို့နှင့် ဆက်သွယ်သည့်ဘက် အခြမ်းတွင်မူ လောလောဆယ် မြေသားလမ်းဆင့်သာ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"လဟယ်မြို့နဲ့ အိန္ဒိယနိုင်ငံ နော့ကလင်မြို့ကို လမ်းဖောက်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ဆွေးနွေးခဲ့ပြီးပါပြီ။ အခုလမ်းက အိန္ဒိယနိုင်ငံဘက် အခြမ်းမှာတော့ ဖောက်ပြီးသွားပြီး၊ မြန်မာနိုင်ငံထဲမှာပဲ ဖောက်ဖို့ကျန်တော့တယ်။ ဒီလမ်းကို နှစ်ဖက်အစိုးရက ဖောက်ပေးတာမဟုတ်ပဲ နာဂလူမျိုးတွေ တည်ထောင်ထားတဲ့ ကုမ္ပဏီနှစ်ခု ချိတ်ဆက်လုပ်တာ ဖြစ်ပါတယ်။ အိန္ဒိယဘက်က ကျားပူယန် နာဂကုမ္ပဏီနဲ့ မြန်မာဘက်က ရွှေညောင်ရမ်း နာဂကုမ္ပဏီတို့ပဲ ဖြစ်ပါတယ်။ ဒီလမ်းဖောက်လုပ်ဖို့အတွက်ကို မြန်မာနိုင်ငံသမ္မတက ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်"ဟု လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆားမူက ပြောပြခဲ့သည်။

အဆိုပါလမ်းမှာ အိန္ဒိယနိုင်ငံတွင် နေထိုင်သော နာဂလူမျိုးမျာနှင့် မြန်မာနိုင်ငံအတွင်းရှိ လဟယ်မြို့တွင် နေထိုင်သော နာဂလူမျိုးများ အချင်းချင်း ဆက်သွယ်သွားလာနိုင်ရန်အတွက် ဆက်သွယ်ဖောက်လုပ်ပေးခြင်း ဖြစ်သည်ဟု သိရပြီး ခန့်မှန်း ၁၅၀ မိုင်နီးပါးရှိနိုင်ပြီး အဆိုပါလမ်း ဖောက်လုပ်ပြီးပါက လဟယ်မြို့၏ ကုန်စည်စီးဆင်းမှုအပိုင်းက ပိုမိုမြန်ဆန်လာစေနိုင်မည်ဖြစ်ကြောင်း၊ အိန္ဒိယဘက်မှ ကုန်ပစ္စည်းများ ပြန်သွင်းပါက လမ်းအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဦးဆားမူက ဆက်လက်ပြောကြားခဲ့သည်။

"ဒီလမ်းက ၂၀၁၃ ထဲမှာတော့ မပြီးနိုင်သေးပါဘူး။ အခုက လဟယ်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းတော့ ဒီဒေသရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အခြားနေရာတွေကို ရောင်းချင်ရင်တောင်မှ မရောင်းနိုင် ဖြစ်နေတယ်။ လမ်းဖောက်ပြီးရင်တော့ ဆက်သွယ်မှု ပိုအဆင်ပြေလာမှာပါ။ ပြီးတော့ နယ်စပ်ကုန်သွယ်ရေးစခန်း လုပ်ပေးဖို့လည်း တင်ပြမယ်" ဟု ဦးဆားမူက ပြောကြားခဲ့သည်။

လက်ရှိ လဟယ်မြိုသို့ ဆက်သွယ်သွားလာနိုင်သည့် အဓိကလမ်းမှာ ခန္တီးမြို့အထွက်မှ ဆင်သေ-လဟယ်လမ်းဖြစ်ပြီး ယင်းလမ်းမှာ မြေသားလမ်းကြမ်း အဆင့်သာဖြစ်ပြီး မိုးတွင်းကာလများတွင် ဆက်သွယ်သွားလာနိုင်ခြင်း မရှိ၍ လဟယ်မြို့၏ လမ်းပန်းဆက်သွယ်မှုတွင် များစွာ အခက်မခဲများ ဖြစ်ပေါ်နေရသည်။

လက်ရှိအသုံးပြုနေသော ဆင်သေ-လဟယ်လမ်းအား ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်
မှ Eleven Media Group

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post