မူဆယ် နယ်စပ် ကုန်သွယ်မှု တလအတွင်း ဒေါ်လာ သန်း ၂၈၀ ခန့်ရှိခဲ့

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၂၄ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မူဆယ်ရှိ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၈၀ ခန့် ရှိခဲ့ကြောင်း သိရသည်။

“၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ တလလုံး သွင်းကုန်အနေနဲ့ တရုတ်နိုင်ငံ ဘက်ကနေ အမေရိကန်ဒေါ်လာ ၁၀၅.၄၇၈ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ပို့ကုန်အနေနဲ့ ဆိုရင် အမေရိကန်ဒေါ်လာ ၁၇၃.၂၀၇ သန်း ရှိတဲ့အတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း ၂၈၀ ခန့် ရှိနေပါတယ်” ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးအောင် က မဇ္ဈိမကို ပြောသည်။

ပို့ကုန်များတွင် ငါးရှဥ့်၊ ဂဏန်း၊ ခရု အသားခြောက်၊ ပုစွန်ခြောက်စသည့် ရေထွက် ပစ္စည်းများ၊ မှိုခြောက်၊ မျှစ်ခြောက်၊ မျှစ်စို၊ ပိတောက်မြစ် စသည့် သစ်တောထွက် ပစ္စည်းများအပြင် သကြားညို၊ ကြံသကာ စသည်တို့ကို
လည်း တင်ပို့ခဲ့သည်။ ထို့အပြင် ကျောက်စိမ်း အရိုင်း၊ ခဲသတ္တုရိုင်းနှင့် အင်ကြင်းကျောက်များလည်း တင်ပို့ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် “ဒီဇင်ဘာလထဲမှာ လယ်ယာထွက်ကုန်တွေထဲက ဆန်၊ ပဲတီစိမ်းနဲ့ ပြောင်းဖူး ပေါ်ချိန် ဖြစ်တဲ့အတွက် မူဆယ် နယ်စပ်ကနေ ပိုပြီး တင်ပို့နေကြပါတယ်” ဟုလည်း ပြောင်းကုန်သည် ဦးဝင်းထိန် က ပြောသည်။

တရုတ်နိုင်ငံဘက်မှ မီးရထားပစ္စည်းများ၊ မော်တော်ယာဉ် အပိုပစ္စည်းများ၊ အင်ဂျင်များ၊ ရုပ်မြင်သံကြား စက်များ၊
ဆောက်လုပ်ရေး ပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ စက်မှု လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ တင်သွင်းခဲ့သည်ဟု သိရသည်။
မှ မဇ္ဈိမ

အေးချမ်းမွန်မှ  မဇ္ဈိမ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post