ပိုက်လိုင်းစီမံကိန်းမှလုပ်ငန်းသုံးကားနှင့်တိုက်မိသည့် ဆိုင်ကယ်သမားပွဲချင်းပြီးသေဆုံး

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )

ဇန်န၀ါရီ(၆)ရက်၊ ၂၀၁၃ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-လားရှိုးအဝေးပြေးလမ်းမကြီးပေါ်၌ ဇန်န၀ါရီလ(၆)ရက်နေ့ နံနက် (၉)နာရီငါးမိနစ်အချိန်ခန့်က သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှလုပ်ငန်းခွင်သုံး ကားတစ်စီးနှင့် လမ်းဖြတ်ကူးသော ဆိုင်ကယ်တစ်စီးတိုက်မိရာ ဆိုင်ကယ်စီးနင်းလာသူမှာ အခင်းဖြစ်နေရာ၌ ပွဲခြင်းပြီး သေဆုံးခဲ့သည်။

`လမ်းညာဖက် ရွာအထွက်လမ်းကနေ မျက်နှာခြင်းဆိုင်လမ်းကြားကို ဆိုင်ကယ်သမားက ဖြတ်ကူးတာ၊ ကျောက်မဲဘက်ကနေ လားရှိုးဘက်ကို မောင်းလာတဲ့ကားက အရှိန်ပြင်းလွန်းတော့ မရှောင်နိုင်ပဲတိုက်မိ သွားတာ၊ ဆိုင်ကယ်သမားကတော့ ချက်ချင်းသေသွားတာပဲ ´ ဟု ယဉ်တိုက်မှုအား ကိုယ်တွေ့မြင်ခဲ့သူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာမှာ ကျောက်မဲ-လားရှိုး အဝေးပြေးလမ်းမကြီးနံဘေး အမှတ်(၂) ရပ်ကွက် ပန်ပေါင်းရပ်ရှိ ငွေနှင်းတောင် စားသောက်ဆိုင်အနီးတွင်ဖြစ်ပြီး အနောက်မှအရှေ့သို့မောင်းနှင်လာသည့် ဖိုးဝှီးအမျိုးအစား ကားနံပါတ် (၃/ဂ ၆၀၅၅) မှ လမ်းဖြတ်ကူးသော ဆိုင်ကယ်အား ကား၏ ညာဖက်ထောင့်ဖြင့် တိုက်မိခြင်း ဖြစ်သည်ဟု သိရသည်။

`ယဉ်မောင်းကိုယ်တိုင်က ယဉ်ပိုင်ရှင်လို့ပြောတယ်၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှာ အလုပ်လုပ်တဲ့ တရုတ်လူမျိုး နှစ်ယောက်နဲ့ မြန်မာလူမျိုးသုံးယောက် စုစုပေါင်း(၅)ယောက်စီးလာတာ၊ လုပ်ငန်းတာဝန်ခံတစ်ယောက်ပါတယ် လို့သိရတယ်၊ သေဆုံးသူရဲ့မိသားစုဝင်တွေကိုတော့ သွားပြီးအကြောင်းကြားနေတုန်းပဲ´ ဟု ယဉ်တိုက်မှုအား လာရောက်စစ်ဆေးသူ ယဉ်ထိန်းရဲတစ်ဦးကပြောသည်။

အတိုက်ခံရသောဆိုင်ကယ်ရှိ လိုင်စင်သက်သေကဒ်ပြားတွင် ပါဝင်သောအမည်မှာ ကျောက်မဲမြို့နယ် နားပြိန်း ကျေးရွာနေ ဦးစိုင်းအောင်ဌေးဦးဖြစ်သည်ဟု သိရပြီး၊ သေဆုံးသူဆိုင်ကယ်သမား ဟုတ်/မဟုတ်ကိုမူ အတိ အကျမပြောနိုင်သေးကြောင်း ၄င်းက ဆက်ပြောသည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထိ ကျောက်မဲမြို့တွင် ယဉ်တိုက်မှုပေါင်း တစ်ရာကျော်ခန့် ဖြစ်ပွားခဲ့ပြီး ယခုဖြစ်ပွားသောယဉ်တိုက်မှုမှာ ၂၀၁၃ ခုနှစ်နှစ်စ၌ အဆိုးဝါးဆုံးယဉ်တိုက်မှုတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မှ Shwe Myitmakha Media Group

SHARE THIS
Previous Post
Next Post