တရားရုံးမှ အပြစ်မရှိဟု စီရင်ချက်ချလိုက်သော်လည်း ရဲများက ဆက်လက်ဖမ်းဆီးထား

Written by မိုးဇော် Friday, 18 January 2013 12:12

ရခိုင်ပြည် မင်းပြားမြို့တွင် ပုဒ်မ ၃၆၇ လူကုန်ကူးမှုဖြင့် တရားစွဲခံထားရသူ ဦးမောင်ဖြူထွန်းအား ဇန္နဝါရီလ(၁၇)ရက်နေ့တွင် တရားရုံးမှ စုံစမ်းစစ်ဆေးပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်စီရင်ချက်ချ လိုက်သော်လည်း ရဲများကလဒ်ငွေမရ၍ ဆက်လက်ဖမ်းဆီးထားခဲ့ကြောင်း သတင်းရရှိသည်။

ဦးမောင်ဖြူထွန်းက ရဲအားလဒ်ငွေမပေး၍ ဆက်လက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းကို " အဖေကို မင်းပြားမြို့တရားရုံးက မနေ့ နေ့လည်(၁)နာရီခွဲမှာ အပြစ်မရှိဘူးဆိုပြီး စီရင်ချက်ချ လိုက်တယ်။ အပြစ်မရှိဘူးလို့ စီရင်ချက်ချလိုက်တာနဲ့ မင်းပြားရဲစခန်းမှ CRO( မှုခင်မှတ်တမ်း) တာဝန်ခံအရာရှိ ဒုရဲမှူးအောင်ထွန်းသာက ဂတ်စာရေးကို ၁၀၀၀၀ ကျပ်၊ လုံခြုံရေးကို ၅၀၀၀ ဆိုပြီးတော့ ငွေလာတောင်းတယ်။ ငွေမပေးနိုင်ဘူးဆိုတာနဲ့ အဖေကို လက်ထိတ်ခတ် ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်သွားတယ်။ ပြီးတော့ အချုပ်ထဲမှာ ထည့်ထားပါတယ်။ " ဟု သားဖြစ်သူ ကိုအောင်နိုင်သူက ပြောသည်။

ဦးမောင်ဖြူထွန်းအား ရဲစခန်းတွင် ၄ နာရီကြာချုပ်နှောင်ထားပြီး ဂတ်စာရေးထံ ငွေ ၅၀၀၀ ကျပ်ပေးပြီးမှ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ပြန်လည်လွတ်မြောက်လာကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးပြောပြချက်အရ သိရှိရသည်။

ထိုသို့ ဥပဒေမဲ့ ရဲများ၏ စိတ်ထင်ရာလုပ်ဆောင်နေခြင်းများအား အထက်အာဏာပိုင်များအနေဖြင့် လေ့လာစုံစမ်းကြီးကြပ်ပေးရန်လိုအပ်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးသည်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၏ မဏ္ဍိုင်ဖြစ်ကြောင်း အငြိမ်းစားရှေ့နေတစ်ဦးက ပြောကြားသည်။

" နိုင်ငံတော်က ပြဌာန်းထားတဲ့ တရားဥပဒေအရဆိုရင် တရားရုံးက အပြစ်မရှိဟု စီရင်ဆုံးဖြတ်ပြီးတာနဲ့ တရားခံကို ဖမ်းဆီးချုပ်နှောင်ထားပိုင်ခွင့်မရှိတော့ဘူး။ အခုက တရားသူကြီးက အပြစ်မရှိလို့ စီရင်ချက် ချလိုက်တယ်၊ အဲဒါကို လွှတ်မပေးဘဲ ရဲတွေက လက်ထိတ်ခတ်ပြီးတော့ ရဲစခန်းကို ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ အခုလိုမျိုးဖြစ်ပျက်နေတာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး မရှိသေးတာကိုဖော်ပြနေတာဘဲ။ " ဟု အဆိုပါရှေ့နယ်က ဆက်လက် ပြောသည်။

မှ Arakan Time

အေးချမ်းမွန်မှ  Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post