ရသေ့တောင်မြို့တွင် ဂေါက်ရိုက်သူများကြောင့် ညနေဘက်ဘုရားဖူးလာသူများနှင့် လမ်းလျှောက်သူများ အနှောင့်အယှက်ဖြစ်

http://arakantimes.net/burmese

ရသေ့တောင်မြို့တွင် ဂေါက်ရိုက်သူများကြောင့် ညနေဘက်ဘုရားဖူးလာသူများနှင့် လမ်းလျှောက်သူများ အနှောင့်အယှက်ဖြစ်
	
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၏ ကျက်သရေဆောင် စေတီတောင်၏ ဘုရားဝတ္တကမြေတွင် ညနေစောင်းအချိန်၌ မြို့ခံတချို့ နှင့် စစ်တပ်မှအရာရှိကြီးတချို့ ဂေါက်ရိုက်နေခြင်းကြောင့် ညနေဘက်ဘုရားဖူးလာသူများနှင့် အပန်းဖြေ(အညောင်းအညာဖြေ) လမ်းလျှောက်သူများအတွက် အနှောင့်အယှက်ဖြစ်နေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ခိုင်ရွှေသစ်သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့ခံတစ်ဦးက " ကျနော်တို့  ညနေထမင်းစားပြီးရင် အပန်းဖြေအမြဲလမ်းလျှောက်ထွက်တယ်။ အဲဒီအချိန် ဂေါက်ရိုက်နေတော့ ဟေ့ဦးလေး မြန်မြန်သွားပါ။ ဟေ့ကောင်မလေးတွေ မြန်မြန်သွားပါ။ ဒီမှာဂေါက်ရိုက်နေတယ်။ ဆိုတော့ ကျနော်တို့အတွက် အနှောင့်အယှက်ဖြစ်တာပေါ့။ အမှန်က သူတို့က ကျနော်တို့ကို နှောင့်ယှက်နေတာ။ ကျနော်တို့က သူတို့ကို နှောင့်ယှက်နေတာမဟုတ်ပါဘူး။ ဒီစေတီတောင်မြေဟာ ဘုရားဝတ္တကမြေလေ၊ ဂေါက်ရိုက်ကွင်းမဟုတ်ဘူး။ နောက်ပြီး လမ်းလျှောက်နေသူ တချို့ကိုလည်း ဂေါက်သီးမှန်မှာ စိုးရိမ်ရသေးတယ်။ ဘုရားလာဖူးတဲ့ လူတွေအတွက်ဆို ပိုဆိုးတာပေါ့။ ပိုအနှောင့်အယှက် ဖြစ်တာပေါ့ဗျာ။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောသည်။  

ထို့ကြောင့် ၄င်းဘုရားမြေဧရိယာကို စစ်တပ်မှ ဂေါက်ကွင်းအဖြစ်အသုံးပြုနေခြင်းသည် ဗုဒ္ဓဘာသာသာသနာကို ကျူးကျော်ဆိုကားရာရောက်ပြီး ဒေသခံများသဘောမတူဘဲ ဘုရားမြေကို အတင်းအဓ္ဓမတရားသိမ်းပိုက်ခြင်းမျိုးဖြစ်သည်ဟု ရသေ့တောင်ဒေသခံများက ပြောဆိုနေကြသည်။

" ကျနော်တို့  တွေ့ဖူးတာတော့ ဂေါက်ကွင်းဆိုတာ လမ်းသွားလမ်းလာကင်းရှင်းတဲ့နေရာသာ ဖြစ်တယ်။ အခုတော့ လမ်းသွားလမ်းလာရှိတဲ့ နေရာမျိုးမှာလာပြီး ဂေါက်ရိုက်နေကြတာတွေ့တော့ ကျနော်တို့ကို ဘာမထီသဘောမျိုး လုပ်နေကြတာလို့  ခံစားရတယ်။ သူတို့အမှန်တကယ် ဂေါက်ကွင်းလိုချင်တယ်ဆိုရင် စစ်တပ်ထဲမှာ မတရားသိမ်းဆဲထားတဲ့ မြေတွေမှာလုပ်ချင်သလောက် လုပ်လို့ရတယ်။ အခုဟာက ဒီမိုကရေစီခေတ်လို့ဆိုသေးတယ် ပြည်သူတွေရဲ့ သဘောထားနဲ့အသံကိုလည်း ဂရုမစိုက်ကြဘူး။ အမှန်က ဒီစေတီတောင်ဘုရားဝန်းကျင် အနီးတ၀ိုက်မှာ ဘယ်လိုမှ ဂေါက်မရိုက်သင့်ဘူး။ ကျနော်တို့မြို့မှာ အပန်းဖြေစရာ ဒီစေတီတောင် ဘုရားတ၀ိုက်ဘဲရှိတာပါ။ သက်ဆိုင်ရာကလည်း ဂေါက်ရိုက်ချင်သူတွေအတွက် ဂေါက်ကွင်းတခုစီစဉ်ပေးရင် ကောင်းပါတယ်။ " ဟု နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည်။

ယခုဂေါက်ရိုက်နေကြသော (၈၅)ရာခိုင်နှုန်းသည် ရသေ့တောင်မြို့စေတီတောင် ဘုရားဝတ္တကမြေဧရိယာဖြစ်ပြီး ကျန်အနည်းငယ်သော မြေဧရိယာမှာလည်းလမ်း၊ မြို့ပတ်လမ်းဖြစ်နေသည်။

ထို့ပြင် စေတီတောင်အရှေ့ ဖက်ကွင်းပြင်ငယ်များတွင် လူငယ်များရာသီမရွေး ဘောလုံးကန်လေ့ရှိကြပြီး လွန်ခဲ့သော(၂၀၁၂)-ခုနှစ် မိုးတွင်း၌ ဘောလုံးကန်နေသူ လူငယ်များနှင့် ဂေါက်ရိုက်သူ ဘူးသီးတောင်အခြေချစစ်ဗျူဟာမှ ဗျူဟာမှူးတို့  ပြဿနာအနည်းဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။

" မြို့ပေါ်က ပြောင်းရွှေ့လာကြတဲ့ ဂေါက်ရိုက်သူတချို့ဟာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တပ်ရင်းမှူး ဗျူဟာမှူးတို့ကို ဂေါက်ရိုက်ခွင့်ရအောင်ပေါ့ ချဉ်းကပ်ကြရတယ်။ ဆိုလိုတာက ဒေသအာဏာပိုင်တွေက ဂေါက်ရိုက်နေတာကို သာမန်လူတွေပြောဆိုဖို့အတွက မရဲဝံ့ဖြစ်နေတယ်။ အခုဒီဂေါက်ရိုက်တာမှာ စစ်တပ်မှ ဗျူဟာမှူးကိုယ်တိုင် ပါဝင်နေတာကို သိရပါတယ်။ မြို့ခံတချို့တွေသာမက ဌာနဆိုင်ရာက ပုဂ္ဂိုလ်တချို့တွေပါ ဂေါက်ရိုက်ကြတာကို တွေ့မြင်ရပြီးတော့ စေတီတောင်ဘုရားဂေါပကအဖွဲ့က ကော်မတီဝင်တစ်ဦးလည်း ကိုယ်တိုင်ပါဝင်နေတာကို သိရပါတယ်။ " ဟု ဒေသခံက အာရ်ကန်တိုင်းမ်စ်အား ဆက်လက်ပြောကြားခဲ့သည်။ 
ယခုအခါ မြို့ခံတချို့သည် အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များထံချဉ်းကပ်ပြီး ရသေ့တောင်မြို့ စေတီတောင်ဘုရားဝတ္တကမြေဧရိယာကို ဂေါက်ကွင်းဖြစ်အောင် အမြဲကြိုးပမ်းလျက်ရှိနေကြပြီး သို့သော်လည်း ဘုရားဝတ္တကမြေဧရိယာကို ဂေါက်ကွင်းဧရိယာအဖြစ်သတ်မှတ်ရန်မှာ မည်သို့မျှမဖြစ်နိုင်ဟု ရသေ့တောင် မြို့ မိမြိုဖများက ပြောဆိုလိုက်သည်ကို သိရသည်။

SHARE THIS
Previous Post
Next Post