နွေစပါးစိုက်တောင်သူများအတွက် ယူရီးယားမြေသြဇာ (၅)လဆိုင်းဖြင့် ရောင်းချနေ



ယမင်း (မြစ်မခ)
by Myit Makha Mediagroup on 3 Jan, 2013

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှဦးဆောင်၍  တောင်သူလယ်သမားများအတွက် နွေစပါးစိုက်ရာသီအမီ အင်ဒိုနီးရှားနိုင်ငံထုတ် ယူရီးယားဓါတ်မြေသြဇာအိတ်တစ်သိန်းအား (၅)လဆိုင်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
 
 “မြို့နယ်တိုင်းမှာရှိတဲ့ တောင်သူလယ်သမားကော်မတီတွေကတဆင့်  တောင်သူလယ်သမားတွေ နွေစပါးစိုက်ဖို့ အဆင်ပြေစေဖို့ ရည်ရွယ်ပြီးတော့ အထွက်နှုန်းကောင်းတဲ့ ယူရီးယားဓါတ်မြေသြဇာကို (၅)လဆိုင်း ငွေပေးချေစနစ်နဲ့ အခုကစပြီး ရောင်းချပေး သွားမှာပါ ” ဟု မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။
 
အဆိုပါစနစ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ စပါးစိုက်ပျိုးတောင်သူများကို ယူရီးယားဓါတ်မြေသြဇာ အိတ်ရေ(၁)သိန်း ရောင်းချပေး သွားမည်ဖြစ်ပြီး မြန်မာတောင်သူလယ်သမားအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာ့လယ်ယာစီးပွားရေးကော်ပိုရေးရှင်း တို့မှ ပူးပေါင်း၍ လဆိုင်းစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
 
 “နွေစပါးက တစ်ခါထည့်ရင် အိတ်(၄၀၊ ၅၀)လောက်ထည့်ရတာဆိုတော့ ဒီလိုမျိုး(၅)လဆိုင်း အကြွေးစနစ်နဲ့ ရောင်းချပေးတော့   ချောချောချူချူဖြစ်သွားတာပေါ့။ ဒီနှစ်ဆို ရာသီဥတုကြောင့် တော်တော် ဆိုးဆိုးဝါးဝါးဖြစ်သွားပြီး စပါးဈေးတွေလည်း အရမ်းကျတော့ မခံသာဘူးလေ  ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ လှည်းကျိုးကျေးရွာအုပ်စုမှ တောင်သူ ဦးသိန်းအောင်က ပြောသည်။
 
ထိုကဲ့သို့ ရောင်းချပေးခြင်းမှာ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းအတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်း အတွက် တစ်ဖက်တစ်လမ်းမှ တက်နိုင်သမျှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကြောင်း၊ တောင်သူလယ်သမားများ၏ သက်သာချောင်ချိရေးအတွက် ယူရီးယားဓာတ် မြေသြဇာ ဈေးနှုန်းများကိုလည်း မူလ၀ယ်ခဲ့သည့် ပြည်ပဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ခတို့ကိုသာ တွက်ချက်၍ (၅)လဆိုင်း ငွေပေးချေစနစ်ဖြင့် ယခုကဲ့သို့ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
 
ဓါတ်မြေသြဇာအတွက် ဆိုင်းငံ့ စနစ်ဖြင့် ၀ယ်ယူလိုသော တောင်သူများအနေဖြင့် မြို့နယ်၊ တိုင်း၊ ကျေးရွာအလိုက် လယ်သမားများ(၇)ဦးဖြင့် ဖွဲ့စည်းထားခဲ့သော ကော်မတီအဖွဲ့မှ ဦးစီးကာ လိုအပ်  ဓါတ်မြေသြဇာကို စာချုပ်၌ လက်မှတ်ရေးထိုးကာ ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
 
"အရင်ကတည်းက ကျေးရွာ မြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့ကော်မတီအဖွဲ့ကနေ မိမိတို့ ကျေးရွာ အတွက်တော့ ဘယ်လောက်ယူမယ်။ ဘယ်နှစ်ဦးရှိတယ်ဆိုတာကို ဦးစီးပြီးတော့ တာဝန်ယူ လက်မှတ်ထိုး ထုတ်ယူနိုင်ပါတယ်။ ၀ယ်ယူနိုင်တာကတော့ ကျွန်တော်တို့အသင်းတွေမှာပါပဲ"ဟု တောင်သူလယ်သမားအသင်း ဥက္ကဌ ဦးစိုးထွန်းက ပြောသည်။
 
အဆိုပါ ဓါတ်မြေသြဇာများကို တောင်သူလယ်သမားများမှ ၀ယ်ယူရာတွင် ကီလို(၅၀)၀င် တစ်အိတ် လျှင် (၁၉၅၀၀)ကျပ် ကျသင့်မည်ဖြစ်ပြီး စရန်ပေးစရာမလိုဘဲ (၅)လပြည့်မှ ငွေအကျေပေးချေရမည့် စနစ်ဖြစ်သည်။

SHARE THIS
Previous Post
Next Post