ဇာဟာကို ခေါ်ယူရန် မကြိုးစားခဲ့ကြောင်း ဝင်းဂါး ပြောကြား

Photo


မိမိတို့ အသင်းသည် ဝီလ်ဖရိုက်ဒ် ဇာဟာကို ခေါ်ယူရန် မည်သည့် အချိန်ကမျှ မကြိုးစားခဲ့ဟု အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဖွင့်ဟ ပြောကြားလိုက်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူနိုင်ရန် နီးစပ်နေသော ခရစ္စတယ်လ်ပဲလေ့စ် လူငယ်တောင်ပံ တိုက်စစ်သမားလေးကို အာဆင်နယ်ကလည်း စောင့်ကြည့်နေခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ပြင်သစ်သား မန်နေဂျာကြီးက အဆိုပါ ဖော်ပြချက်များကို ငြင်းဆန်ခဲ့ပြီး မိမိတို့ အသင်းသည် အသက် (၂၀) အရွယ် ကစားသမားလေးအတွက် မည်သည့် ချဉ်းကပ်မှုမျှ မပြုလုပ်ခဲ့ကြောင်း အတည်ပြု ပြောကြားသွားသည်။ ဇာဟာကို မန်ယူက ပေါင်စတာလင် (၁၀)သန်းကျော်ဖြင့် ကမ်းလှမ်းထားပြီး လက်ရှိတွင် အပြောင်းအရွှေ့ကိစ္စ ညှိနှိုင်းနေဆဲ ဖြစ်သည်။
 


ဝင်းဂါးက "ဇာဟာလို လူငယ်လေးတစ်ယောက် မန်ယူကို ရောက်သွားတယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ။ သူကံကောင်းပါစေလို့ပဲ ကျွန်တော်တို့ မျှော်လင့်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူး" ဟု ပြောဆိုသွားသည်။ ၎င်းက ဝက်စ်ဟမ်း ယူနိုက်တက် ကွင်းလယ် ကစားသမား မိုမိုဒီယာမီကိုမူ ခေါ်ယူရန် စိတ်ဝင်စားကြောင်း ဖွင့်ဟခဲ့သည်။ "ကျွန်တော်တို့ အသင်းဟာ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေအကြောင်း လူသိရှင်ကြား ထုတ်ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ ဒီယာမီရဲ့ လက်ရှိ ကစားပုံတွေကတော့ အကောင်းဆုံးမှာ ရှိနေတာကို ကျွန်တော်တို့ သတိထားမိနေပါတယ်။ သူ့မှာ နောက်ထပ် အလားအလာတွေ အများကြီး ရှိသေးတယ်လို့လည်း ထင်ပါတယ်" ဟု ဝင်းဂါးက ပြောဆိုသွားသည်။

Source: SkySports
 By Planet


SHARE THIS
Previous Post
Next Post