ပေါက်တောမြို့နယ် တောင်ညိုရွာ မဟာမြိုင်ရွှေလှိုဏ်ဂူဘုရားပွဲ ကျင်းပမည်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ရှေးဟာင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်သော မဟာမြိုင်ရွှေလှိုဏ်ဂူ ဘုရားပွဲကို (၁၃၇၄) ခုနှစ်၊ တပို့တွဲ လဆန်း (၁၀) ရက်၊ ၂၀-၂-၂၀၁၃ ခု နေ့မှ ၂၅-၂-၂၀၁၃ ခု နေ့အထိ (၅) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ ဘုရားပွဲမှာ နှစ်စဉ်ကျင်းပပြုလုပ်နေသည့် ပွဲတစ်ပွဲလည်းဖြစ်ကာ ၄င်းပွဲကို ပေါက်တောမြို့နယ် တောင်ညိုကျေးရွာ အုပ်စုတွင် ပါဝင်သည့် ကျေးရွာပေါင်း (၁၁) ရွာမှ ဘုရားဂေါပက အဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဘုရားပွဲတွင် ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ပွဲ၊ သံဃာတော်များအား ဆွမ်းလောင်းပွဲအပြင် ဇာတ်ပွဲများကိုပါ ထည့်သွင်းကျင်းပ သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးလှကျော်ဝင်းက Arakan Review သို့ ပြောသည်။ “ဘုရားကို နှစ်တိုင်း ပွဲချပါတယ် အခု အလှူငွေတွေ ကောက်ခံနေတာက ဘုရားကို ပြန်လည်ပြုပြင်ဖို့အတွက်ကြောင့်ပါ။ ဘုရားက ရှေးဟောင်းဘုရားဆိုတော့ အန္တရာယ်များနေပါပြီ။ ဒါကြောင့် ပြုပြင်ရမှာ ဖြစ်ပါတယ်။ အခုက ဘုရားမှာ ရံပုံငွေက (၁၀) သိန်းလောက်ပဲ ရှိပါတယ်။ ရံပုံငွေ ရရှိဖို့အတွက် ပွဲကျင်းပတဲ့အခါ ကံစမ်းမဲတွေကိုပါ ရောင်းချသွားဖို့ ရှိပါတယ်။”ဟု ၄င်းက ဆိုသည်။ တောင်ညို မဟာမြိုင်ရွှေလှိုဏ်ဂူဘုရားမှာ ရခိုင်ဘုရင် မင်းဗာကြီးလက်ထက် တည်ထားကိုးကွယ်ခဲ့သည့် ဂူကြီး ကိုးလုံးအနက်မှ တစ်လုံး အပါအဝင် ဖြစ်သည်။ ယခုအခါ ယင်းဘုရားပွဲ ကျင်းပရန်အတွက် အဝေးရောက်ရခိုင်သားများမှ ရံပုံငွေများ လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။ from Arakan Review

SHARE THIS
Previous Post
Next Post