နွေရာသီ အားဖြည့်မှုအတွက် ကြိုတင် လှုပ်ရှားမှုများ ပြုလုပ်နေသည့် မန်ယူ


မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် နွေရာသီတွင် အသင်းကို အားဖြည့်မှု ပြုလုပ်ရန်အတွက် ကြိုတင် လှုပ်ရှားမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
အသက်(၂၄)နှစ် အရွယ်ရှိ အီကွေဒေါ လက်ရွေးစင် ခံစစ်မှူး ဖရစ်ဇွန် အီရာဇိုကို မန်ယူအသင်းက လတ်တလောတွင် ချိတ်ဆက် စောင့်ကြည့်လျှက် ရှိသည်။ မန်ယူအသင်း၏ ကင်းထောက်များသည် အီရာဇိုကို လပိုင်း အတော်ကြာမျှ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ၎င်းသည် ဘာစီလိုနာ အက်စ်စီ အသင်းအတွက် ကစားပေးနေသူလည်း ဖြစ်သည်။
Frickson Erazo
အီရာဇိုက “ကျွန်တော့်ကို အကြိုချိတ်ဆက်မှုတချို့ ရှိတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီကိစ္စတွေကြောင့် စိတ်ယိုင်ပြီး ကျွန်တော့် စွမ်းဆောင်ရည်ကို ထိခိုက်မှာ မဟုတ်ပါဘူး။ ဥရောပ ထိပ်သီး အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံရတယ် ဆိုတာက တကယ့်ကို ကျေနပ်စရာပါ”ဟု ဆိုသည်။
၎င်းက “လောလောဆယ်တော့ လက်တွေ့ ဖြစ်မလာသေးတာတွေကို ကျွန်တော် မတွေးချင်သေးဘူး။ ရီးယဲလ်မက်ဒရစ်တို့၊ မန်ယူတို့လို အသင်းမျိုးမှာ ကစားရနိုင်တယ် ဆိုတဲ့ အသိက ကျွန်တော့် စိတ်စူးစိုက်မှုကို ပျက်ယွင်းသွားစေနိုင်တာကြောင့်ပါ”ဟုလည်း ပြောကြားခဲ့သည်။ မန်ယူအသင်းသည် လတ်တလောတွင် ဂျာမန်ကလပ် ဟမ်းဘက်မှ တောင်ကိုရီးယား တိုက်စစ်မှူး ဟောင်မင်ဆွန်းကိုလည်း ချယ်လ်ဆီးနှင့်အပြိုင် ချိတ်ဆက်နေကြောင်း သိရှိရသည်။ အဆိုပါ အသက်(၂၀)အရွယ် ကစားသမားကို လီဗာပူးနှင့် တော့တင်ဟမ် ဟော့စပါး အသင်းများကလည်း စောင့်ကြည့်လျှက်ရှိသည်။
Source:DailyMail

SHARE THIS
Previous Post
Next Post