အာဆင်နယ်၊ ချယ်လ်ဆီးကို အမီလိုက်မည်ဟု လီဗာပူးလ်မန်နေဂျာ ပြောကြား


အာဆင်နယ်၊ ချယ်လ်ဆီးကို အမီလိုက်မည်ဟု လီဗာပူးလ်မန်နေဂျာ ပြောကြား
လီဗာပူးလ် အနေဖြင့် အာဆင်နယ်နှင့် ချယ်လ်ဆီး အသင်းများကို အမှတ်ပေးဇယားတွင် အမီလိုက်ရန် အသင့်ရှိနေပြီဟု အသင်းမန်နေဂျာ ဘရန်ဒန် ရော့ဂျာက ပြောကြားလိုက်သည်။ အသက်(၄၀)အရွယ် မြောက်အိုင်ယာလန်သား မန်နေဂျာ၏ အသင်းသည် လက်ရှိ ပရီးမီးယားလိဂ် အဆင့်(၆)နေရာတွင် ရပ်တည်နေပြီး အာဆင်နယ်က အဆင့်(၅)၊ ချယ်လ်ဆီးက အဆင့်(၄) နေရာများတွင် အသီးသီး ရှိနေသည်။ အင်္ဂလန် ကလပ်အသင်း တစ်ခုအနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှတ်ပေးဇယား အဆင့်(၄)သို့ အနည်းဆုံး ဝင်ရောက်နိုင်ရန် လိုအပ်နေပြီး ယင်းနေရာအတွက် လီဗာပူးလ်က အားထုတ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရော့ဂျာက ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

လီဗာပူးလ်သည် နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ် (၄)ပွဲစလုံး အနိုင်ရထားပြီးနောက် လက်ရှိခြေစွမ်း အတက်ပိုင်းသို့ ဦးတည်နေသည်။ ရော့ဂျာက "ကျွန်တော်တို့ရဲ့ အထက်က အသင်းတွေ အနေနဲ့ ခြေတစ်ချက်ချော်ရင် ဒုက္ခရောက်သွားမယ် ဆိုတာကို သိရပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့အတွက် အခွင့်ကောင်း ဖြစ်လာပြီး သူတို့အတွက်တော့ ရုန်းကန်မှု ဖြစ်သွားလိမ့်မယ်။ လက်ရှိ လီဗာပူးလ်ရဲ့ ပုံစံက အကောင်းဆုံး ဖြစ်နေတယ် ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ အသင်းဟာ ပိုတိုးတက်၊ ပိုတည်ငြိမ်လာတာ အမြင်ပါပဲ"ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်သည် အမှတ်ပေးဇယား အဆင့်(၃)မှ တော့တင်ဟမ် ဟော့စပါးကိုလည်း အနိုင်ကစားပြထားသေးသည်။ "စပါးကို အနိုင်ရခဲ့တဲ့ ရလဒ်ကတော့ ကျွန်တော်တို့ အသင်းမှာ နောက်ထပ် စွမ်းအင်ကောင်းတွေ ရှိသေးတယ် ဆိုတာရဲ့ သက်သေပါပဲ။ ဒီလို အားထုတ်မှုမျိုးနဲ့ လီဗာပူးလ်ဟာ မျှော်မှန်းတဲ့အဆင့်ထိ တက်လှမ်းဖို့ အသင့်ရှိနေပါပြီ"ဟုလည်း ရော့ဂျာက ကြွေးကြော်သွားသည်။
Planet Myanmar Network

SHARE THIS
Previous Post
Next Post