ပရီးမီးယားလိဂ်တွင်ကစားဖြစ်ပါက လစာ အများဆုံးရရန် ဖယ်လ်ကာအို မျှော်လင့်

ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများက ပစ်မှတ်ထားနေသည့် တိုက်စစ်မှူး ရာဒါမယ်လ် ဖယ်လ်ကာအိုက အကယ်၍ ပရီးမီးယားလိဂ်တွင် ကစားဖြစ်ပါက ပြိုင်ပွဲ၏ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်ခွင့်ရရန် မျှော်လင့်နေကြောင်း သိရှိရသည်။ အက်သလက်တီကို မက်ဒရစ်တွင် ကစားနေသည့် ကိုလံဘီယာ လက်ရွေးစင်၏ အေးဂျင့်ဖြစ်သူ ဂျော့ဂ်ျမန်းဒက်စ်က မိမိ၏ ကစားသမားသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၅၀၀၀၀)မျှထိ ရရှိရန် လိုလားနေကြောင်း ပြောကြားခဲ့သည်။

falcao

ကမ္ဘာပေါ်တွင် ငွေအသုံးနိုင်ဆုံး ကလပ်အသင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သော မန်စီးတီးက ဖယ်လ်ကာအိုအား အသည်းအသန် အလိုရှိနေသည့် အချက်ကြောင့် မန်းဒက်စ်က အခွင့်အရေးယူရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ တိုက်စစ်မှူးကို ခေါ်ယူဖြစ်ပါက မန်စီးတီးအနေဖြင့် ပရီးမီးယားလိဂ်တွင် အမြင့်မားဆုံး လုပ်ခလစာ ပေးချေရန် အမှန်တကယ်လည်း ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရသည်။ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၃၀၀၀၀)ထိ ခံစားခွင့် ရရှိနေပြီး ၎င်းကို ဖယ်လ်ကာအိုက ကျော်တက်ရန် အလားအလာ များနေသည်။

ချယ်လ်ဆီးရော၊ မန်စီးတီးပါ ကစားသမား၏ လုပ်ခလစာကို မြင့်မားစွာ ပေးချေနိုင်စွမ်း ရှိနေကြပြီး အခြားသော ဓနအင်အား တောင့်တင်းသည့် အသင်းများဖြစ်သော ရီးယဲလ်မက်ဒရစ်နှင့် PSGတို့ကလည်း ဖယ်လ်ကာအိုအား အသီးသီး စိတ်ဝင်စားလျှက် ရှိသည်။ ချယ်လ်ဆီးသည် ဖာနန်ဒို တောရက်စ်နေရာတွင် အစားထိုးရန် ဖယ်လ်ကာအိုကို အလိုရှိနေပြီး မန်စီးတီးကလည်း မာရီယို ဘာလော့တယ်လီအား ရောင်းထုတ်ခဲ့သည့် ဟာကွက်ကို ဖြည့်ဆည်းရန် စီစဉ်နေခြင်းကြောင့် အဆိုပါ ကလပ်နှစ်သင်းက ဖယ်လ်ကာအိုအတွက် အဓိက အားပြိုင်လာဖွယ် ရှိနေကြောင်း သိရသည်။
Planet Myanmar Network


SHARE THIS
Previous Post
Next Post