ဖာဂူဆန် ကိုင်တွယ်မည့် မန်ယူနောက်ဆုံးပွဲကို ရွန်နီလွဲချော်

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဆာအဲလက်စ် ဖာဂူဆန် မန်နေဂျာအဖြစ် နောက်ဆုံး ကိုင်တွယ်မည့် ပွဲစဉ်ကို ဝိန်းရွန်နီ လွဲချော်မည် ဖြစ်ကြောင်း သိရှိရသည်။

အသင်းမှ ထွက်ခွာခွင့် တောင်းခံထားသော အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ဖာဂူဆန့် နေရာတွင် ဆက်ခံမည့် ၎င်း၏ ဆရာဟောင်း ဒေးဗစ်မိုယက်စ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ရည်ရွယ်ထားပြီး အသင်းက ၎င်းကို ကြိုတင် ပြင်ဆင်ခွင့်များအတွက် နားရက်ပေးခဲ့သည်။ ထို့ကြောင့်လည်း ရွန်နီသည် ယနေ့ညတွင် အသင်းနှင့်အတူ ဝက်စ်ဘရွန်းဝစ်ခ်ျ၏ အိမ်ကွင်းသို့ လိုက်ပါသွားမည် မဟုတ်ချေ။ ရွန်နီ၏ ဇနီးဖြစ်သူ ကောလင်းမှာလည်း ဒုတိယ ကိုယ်ဝန်ကို မီးဖွားရန် နီးကပ်နေပြီ ဖြစ်ခြင်းကြောင့် အသင်းက ရွန်နီအား အနားယူရန် ခွင့်ပြုပေးထားခဲ့သည်။ ရွန်နီသည် ချန်ပီယံဆုဖလားကို အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံရယူသည့် ဆွမ်ဆီးနှင့် ပွဲစဉ်ကိုလည်း ပွဲကြည့်စင်မှသာ ကြည့်ရှုခဲ့သည်။

ဖာဂူဆန် မန်ယူအသင်းမှ အနားယူမည်ဟု ကြေညာခဲ့စဉ်က အသက်(၂၇)နှစ်ရှိ ကစားသမားကလည်း မန်ယူမှ ထွက်ခွာရန် ခွင့်တောင်းခဲ့ပြီး မတည်မငြိမ် အနေအထားတစ်ခု ဖြစ်နေသည်။ ၎င်းသည် မိမိကို အဲဗာတန် အသင်း၌ ပရော်ဖက်ရှင်နယ် အခွင့်အရေး စပေးလာသည့် မိုယက်စ်နှင့် အလုပ်တွဲလုပ်ရန် စဉ်းစားထားသော်လည်း ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ သိရှိရန် ဆွေးနွေးသွားမည်ဟု သိရှိရသည်။ ရွန်နီ၏ ကိုယ်ရေး အထုပ္ပတ္တိ စာအုပ်တွင် မိုယက်စ်က သတင်းအချက်အလက် အချို့ကို မီဒီယာများထံ ပေါက်ကြားစေခဲ့ကြောင်း ထည့်သွင်း ရေးသားဖူးခြင်းကြောင့် ၎င်းတို့နှစ်ဦး သဘောထား ကွဲလွဲမှုများ ရှိခဲ့ဖူးသည်။

သို့သော်လည်း မိုယက်စ်ကမူ ရွန်နီနှင့် ပတ်သက်ပြီး လိုလားနှစ်သက်သည့် ပြောစကားမျိုးသာ ပြုလုပ်ခဲ့သလို ရွန်နီကလည်း မိမိကို ဖုန်းဆက်ကာ ပုဂ္ဂိုလ်ရေး တောင်းပန်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ မိုယက်စ်သည် ယခုလ မကုန်မီ ရွန်နီနှင့် အနာဂတ် ကိစ္စအတွက် အလေးအနက် ဆွေးနွေးသွားမည် ဖြစ်သည်။ 
Ref: Daily Mail

ZinYawNews

ZinYawNew

SHARE THIS
Previous Post
Next Post