မြန်မာနိုင်ငံ လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကျော် မိုဘိုင်းဖုန်း အသုံးပြုနိုင်ပြီ

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာ ဝန်ဆောင်မှုလုပ်ငန်းကို ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများထံ လုပ်ကိုင်ခွင့်ချပေးခဲ့ပြီးနောက် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၄၅ ဒသမ ၄၂ ရာခိုင်နှုန်းအထိ မိုဘိုင်းဖုန်းအသုံးပြုနိုင်ပြီဟု ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ဖေဖော်ဝါရီ နောက်ဆုံးပတ်က သတင်းထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးရှိမြို့နယ်များ အနက် ၃၂၂ မြို့နယ်တွင် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်အသုံးပြုနိုင်ပြီဖြစ်ပြီး ဆက်သွယ်ရေး စခန်းစုစုပေါင်း ၆၁၃၅ ခု အထိ တည်ဆောက်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းအလုံးရေ ၂၃ ဒသမ ၄၀ သန်းကျော်အထိ  အသုံးပြုနေသည်ဟုလည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ၎င်းတို့၏ ကွန်ရက်စခန်းများကို 2G အဆင့်မှ 3G ကွန်ရက်စနစ်သို့ မြှင့်တင်ခြင်း များ ဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် ကွန်ရက်စခန်းများ၏ ၇၅ ရာခိုင်နှုန်းကျော်အထိ 3G အဆင့်မြှင့်တင်ပြီး ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT)၏ စီးပွားရေးဌာနမှ တာဝန်ရှိသူ ဦးစောထူးသာက ပြောသည်။

ဦးစောထူးသာက "ရန်ကုန်၊ နေပြည်တော် နဲ့ မန္တလေးမှာရှိတဲ့ ကွန်ရက်စခန်းတွေအားလုံး အဆင့်မြှင့်ပြီးပါပြီ။ တခြားဒေသတွေက စခန်းတွေ တော်တော်များများလည်း ပြီးနေပါပြီ။ သွားရလာရခက်တဲ့၊ သီးသန့်သွားရမယ့် နေရာတွေလောက်ပဲ ကျန်တော့တယ်" ဟု ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ကွန်ရက်စခန်းများ အဆင့်မြှင့်တင်နေမှုကို ၂၀၁၅ နှစ်လယ်ပိုင်းတွင် အပြီးသတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ခန့်မှန်းကာလထက် ပိုမိုစောစွာ ပြီးစီးနိုင်လိမ့်မည်ဟု ဦးစောထူးသာက ခန့်မှန်းထားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) အပါအ၀င် ပြည်ပအော်ပရေတာများ ဖြစ်သည့် တယ်လီနော၊ အူရီးဒူးတို့က ဝန်ဆောင်မှုများ စတင်ပေးနေပြီဖြစ်ပြီး အခြားလိုင်စင်ရ အော်ပရေတာဖြစ်သည့် ရတနာပုံတယ်လီပို့ အများပိုင် ကုမ္ပဏီ အနေဖြင့် ဝန်ဆောင်မှု စတင်နိုင်ခြင်း မရှိသေးပေ။

မိဖုရား -  http://mibayar.blogspot.com  
Credit : Mizzima



SHARE THIS
Previous Post
Next Post