စည်းထိန်း ၊ ကျိန်းရိပ် နှင့် ဇ တို့ ပေါင်း၍ ကျောက်ခုတ်မှ လေဘေးသင့်ပြည်သူများအား အလှူငွေများ ကူညီထောက်ပံ့


(မင်းပြား - ဇွန် ၁၀ )

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့မှ စည်းကမ်းထိန်းသိမ်းရေးသံင်္ဃာတော်များအသင်း ၊ ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်းနှင့် ဇ-ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ လေဆင်နှာမောင်းကျရောက်ခဲ့သဖြင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် ကျောက်ခုတ်ကျေးရွာမှ လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေး အလှူငွေများ ပေးအပ်ကူညီနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် ယနေ့ ဇွန်လ ၁၀ ရက်နေ့ ၊ နေ့လည် ၂ နာရီဝန်းကျင်ခန့်လောက်က မင်းပြားမြို့နယ် ၊ သာယာကုန်းအုပ်စု ၊ ကျောက်ခုတ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကူညီထောက်ပံ့ငွေ ၁၁၅၀၀၀၀ ကျပ်ကို လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုညီညီက လေးမြို့သို့ ပြောကြားသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် လေဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ် ၃၄ လုံးအနက်မှ အပျက်စီးများသည့် အိမ်( ၆ ) ဆောင်အတွက် ကျပ် ( ၅ ) သောင်း စီကို လည်းကောင်း ၊ အမျက်စီးနည်းသည့် အိမ် (၂၈) ဆောင်အတွက် ငွေကျပ် ( ၃ ) သောင်း စီကို လည်းကောင်း အသီးသီး ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုဇော်လင်းထွန်းက ဆိုသည်။

ထိုကူညီထောက်ပံ့ငွေ ၁၁၅၀၀၀၀ ကျပ်တွင်  ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်းမှ ကျပ် ၅၀၀၀၀၀ ကိုလည်းကောင်း ၊ ဇ-ဖောင်ဒေးရှင်းမှ ကျပ် ၄၀၀၀၀၀ ကိုလည်းကောင်း ၊ စည်းထိန်းအဖွဲ့မှ ကျပ် ၂၅၀၀၀၀ ကျပ်ကိုလည်းကောင်း အသီးသီး ကူညီထည့်ဝင်ခဲ့ကြကြောင်း သိရသည်။

ကျောက်ခုတ်ကျေးရွာတွင် မနေ့ ဇွန်လ ၉ ရက်နေ့ ၊ နေ့လည် ၁၂ နာရီခန့်လောက်က လေဆင်နှာမောင်းကျရောက် ခဲ့မှုကြောင့်  နေအိမ် ၃၄ လုံး ပျက်စီးကာ မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၁၆၀ ကျော်လောက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - ကိုဇော်လင်းထွန်း (ဇ)

SHARE THIS
Previous Post
Next Post