ဆီးဂိမ်းအတွက် စပွန်ဆာဒေါ်လာငါးသန်းခန့် ရထားသော်လည်းMain နှင့် Co စပွန်ဆာအတွက် ညှိနှိုင်းနေဆဲ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စပွန်ဆာ ရရှိထားမှုမှာ ဒေါ်လာ ငါးသန်းခန့် ရှိနေပြီ ဖြစ်သော်လည်း အဓိက စပွန်ဆာနှင့် Co-Sponsor မှာ ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း  ပြည်တွင်းအပြင် ထိုင်း၊ စင်ကာပူကလည်း ကမ်းလှမ်းထားကြောင်း ၁၀-၁-၂၀၁၃ ရက်က သိရသည်။ စပွန်ဆာအတွက် အားကစား ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဈေးကွက်မြှင့်တင်မှု ကော်မတီက ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ကဏ္ဍ အမျိုးအစားအလိုက် ခွဲခြားကာ တင်ဒါ ခေါ်ယူခဲ့ကြောင်း သိရပြီးပြီး Main Sponsor အတွက် လိုအပ်ချက်ကို ရှာဖွေနေသည်ဟု ဆိုသည်။ “မနှစ်က အောက်တိုဘာမှာ စပြီး ခေါ်ခဲ့ကာ အားကစားဝတ်စုံကအစ အစားအသောက်အဆုံး စပွန်ဆာကဏ္ဍ အမျိုးမျိုးအတွက် ကုမ္ပဏီ ၅၇ ခု လာလျှောက်ကြတယ်။ အဲဒီအထဲက ကုမ္ပဏီ ၃၆ ခုက တင်ဒါ ရရှိသွားခဲ့ပါတယ်။ ငွေသားအနေနဲ့ စပွန်ဆာက ဒေါ်လာ ၁ ဒသမ ၀၈၅ သန်းကျော်နဲ့ In Kind (နည်းပညာ၊ ပစ္စည်းမျိုးစုံ) အတွက်က ဒေါ်လာ သုံးသန်းကျော်ဆိုတော့ စုစုပေါင်း ဒေါ်လာ ငါးသန်းနီးပါး ရရှိထားပါတယ်” ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောကြားသည်။


 
“မကြာခင် အဲဒါတွေ အားလုံးနဲ့ စာချုပ်ချုပ်ဆိုပြီး Main နဲ့ Co-Sponsor အတွက် ရှာပါတော့မယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ ဖြည့်စွက် ပြောကြားချက်အရ Main နှင့် Co-Sponsor အတွက် ပြည်တွင်း ကုမ္ပဏီများအပြင် ပြည်ပ ကုမ္ပဏီများပါ လာရောက် အဆိုပြုထားကြောင်း သိရသည်။ “Main အတွက် SAIL ကြော်ငြာကုမ္ပဏီ အပါအဝင် ကုမ္ပဏီ သုံးလေးခုလောက်ရယ် ပြည်ပက ထိုင်း၊ စင်ကာပူက ကုမ္ပဏီ တစ်ခုစီရယ်က ဆွေးနွေးထားတာ ရှိတယ်” ဟု လက်ရှိ စပွန်ဆာ တောင်းခံနေရမှု အနေအထားကို ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။
By Pyi Myanmar 21 January, 2013
အေဝိုင်အီး

SHARE THIS
Previous Post
Next Post