ဒုတိယအကြိမ် ပြန်လည် ကစားခဲသည့် ရှုံးထွက်ဖလား ပွဲစဉ်၏
အိမ်ရှင်အသင်းဖြစ်တဲ့ ချယ်ဆီးလ်ဟာ မန်ချက်စတာယူနိုက်တက် အပေါ်
တစ်ဂိုးအသာနှင့် အနိုင်ယူခဲ့ပြီးနောက် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်
သွားနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင် အဓိကနေရာမှ အစွမ်းပြခဲ့သည့် ကစားသမား တစ်ဦးဖြစ်တဲ့ ချယ်ဆီးလ်ဂိုးသမား ပီတာချက်စ်ဟာ ယူနိုက်တက်ရဲ့ မက္ကစီကို တိုက်စစ်မှူး ချီချာရီတိုဟာနန်ဒက်ဇ်၏ အပိုင်ခေါင်းတိုက်ချက် အပါအ၀င် အရေးပါလှသည့် ကာကွယ်မှု ပေါင်းများစွာအား ပြုလုပ်ပေးခဲ့ပြီး လန်ဒန်အခြေစိုက် အသင်းရဲ့ အောင်ပွဲအား ပီပြင်စေခဲ့ပါတယ်။ သူက ဟာနန်ဒက်ဇ်နှင့် အနီးကပ် ရင်ဆိုင်ခဲ့ရစဉ်က အတွေ့အကြုံအား အခုလို ပြောပြခဲ့တာ ဖြစ်ပါတယ်။
“တောင်ပံကနေ အကောင်းဆုံး တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာနန်ဒက်ဇ်က ဂိုးပေါက်ထဲကို လှလှပပ တစ်ခါတည်း တိုက်ချလိုက်တာပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော် လုပ်ဆောင်နိုင်သလောက် အမြန်ဆုံး နှုန်းနဲ့ ဘယ်လက်နဲ့ ကာကွယ်ခဲ့တာပါ။ ကျွန်တော် ကာကွယ်နိုင်သလောက် နေရာ အကန့်အသက် အတွင်းကနေ ရနိုင်သလောက် ကာကွယ်ဖို့ ကြိုးစားခဲ့ပြီး ကံကောင်းချင်တော့ ကျွန်တော် လုပ်လိုက်တာဟာ ကွက်တိဖြစ်သွားတာပဲ။ ဒီဘောလုံး ဖြတ်မတင်ခင်ကတည်းက အဲဒီ့နေရာမှာ ဟာနန်ဒက်စ် ရှိနေတယ်ဆိုတာ ကျွန်တော်သိထား ပြီးသားပါ။ ဒါကြောင့် ကျွန်တော် အမြန်ဆုံး အဲဒီ့နေရာကို ရောက်ရမယ် ဆိုတာ တွက်ထားပြီးသား။ ဒါကြောင့်လည်း ဒီလို ကာကွယ်မှုကို လုပ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်အနားမှာ အန္တရာယ် ပေးနိုင်မယ့် သူရှိနေမယ် ဆိုရင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ အရေးကြီးပါတယ်။”
“အဲ့ဒါက ဒီပွဲရဲ့ အရေးအကြီးဆုံး အခိုက်အတန့်ပဲဗျ။ လူတိုင်းကတော့ ဒီဘောလုံးက ဂိုးပိုက်နဲ့ မိတ်ဆက်ပြီလို့ ထင်နေကြမှာပဲ ဆိုတာ ကျွန်တော် ပြောရဲတယ်။ ဒီအမြင်ကို ပြောင်းပြန်လှန်နိုင် ခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ တခြား ကစားသမားတွေနဲ့ ဂိုးသမား မိတ်ဆွေတွေဆီက ပေးပို့တဲ့ မတ်ဆေ့ခ်ျတွေ ကျွန်တော် ရခဲ့တယ်။ဒီကာကွယ်မှုအပေါ် ၀မ်းမြောက် ဂုဏ်ယူကြောင်းပေါ့။ ပထမပိုင်းမှာ ဟာနန်ဒက်ဇ် အဝေးက လှမ်းကန်ခဲ့တဲ့ ဘောလုံးအကြောင်းလည်း ပါတယ်။ အဲ့ဒီဘောလုံးက ကျွန်တော်လှဲချရာနဲ့ အဝေးကို ဦးတည်သွားတဲ့ အချိန်က တကယ့် ထိတ်စရာ လန့်စရာပါ။ ကျွန်တော့်မှာ ရှိတဲ့ ခွန်အား အကုန်ကို သုံးပြီး ဘောလုံးကို ကန်ထုတ်လိုက်ရတယ်။ ဒီလို လုပ်နိုင်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကို ကျေနပ်မိပါတယ်။”